| ကုတ် နံပါတ် : 335447 | ရက်စွဲ : 2012/08/09 - 07:58 | ကိုးကားချက် : mmsy | print |
ကမ္ဘာ့အရှည်ဆုံး ကျမ်းတော်မြတ် ကုရ်အာန် မကြာမီ ပြီးစီးမည် |
အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။။
အီရတ်နိုင်ငံသား အသက် ၂၅နှစ် အရွယ်ရှိ မုဟမ္မဒ်ဟုစိုင်န်အမည်ရှိ လူငယ်တစ်ဦးသည် ကုရ်အာန်ကျမ်းမြတ်တစ်အုပ်လုံးအား အာရဗီလက်ရေး ပန်းချီဒီဇိုင်းဖြင့် စတင်ရေးသားလျက်ရှိပြီး အဆိုပါစာမူမှာ မီတာ ၆၀၀၀ ( ၆ကီလိုမီတာ ) ရှည်လျား၍ ထိုမျှရှည်လျားသည့် ကုရ်အာန်ကျမ်းမြတ်စာမူ ယနေ့ အထိကမ္ဘာပေါ်၌ မရှိသေးကြောင်း လန်ဒန်မြို့ ထုတ် အညရဗီသတင်းစာ အလ်ဟယားသ်၌ ဖော်ပြထားသည်။

ကုရ်အာန် ကျမ်းတော်မြတ် အား ရေးဆွဲနေပုံ
၎င်းကုရ်အာန်ကျမ်းစာမူကို စက္ကူအဖြူပေါ်တွင်ရေးသားလျက်ရှိပြီး စက္ကူ၏အရှည်မှာ ၆၀၀၀မီတာရှိပြီး အနံမှာ ၉၀စင်တီမီတာဖြစ်သည်။ စာမျက်နှာ ၅၀၃မျက်နှာခန့်  ပါဝင်မည်ဖြစ်ပြီး ၆လအတွင်းပြီးဆုံးမည်ဟု မျှော်လင့်ကြောင်း လက်ရေးပန်းချီပညာရှင် မုဟမ္မဒ်ဟုစိုင်န်ကပြောကြားထဲ့သည်။
” တစ်နေ့ သုံးမျက်နှာပြီးအောင် ကျွန်တော်မနားမနေရေးနေပါတယ်။ ကုရ်အာန်စာမူကို လက်ရေးပန်းချီလက်ရာပိုမိုလှပဖို့ အတွက် အလှဆုံးစာလုံးလက်ရေးဖြစ်တဲ့ ခသ်သေဆုလုဆ်နဲ့  ခသ်သေဟိုင်လီယဟ်ကို အသုံးပြုရေးဆွဲနေပါတယ်။ ခသ်သေဆုလုဆ်လက်ရေးစာလုံးက ရေးတဲ့နေရာမှာအခက်ဆုံးနဲ့  အနုစိပ်အကျဆုံးပါပဲ ” ဟု မုဟမ္မဒ်ဟိုစိုင်န်က ပြောကြားခဲ့သည်။
အဆိုပါကုရ်အာန်ကျမ်းစာမူအား ပြီးဆုံးသည်အထိရေးရန် အီရတ်ဒီနာရ် ၁၀သန်း (အမေရိကန်ဒေါ်လာ၈သောင်း) ခန့် ကုန်ကျမည်ဖြစ်ကြောင်းနှင့် ထိုကုန်ကျစရိတ်ကို မိမိပိုင်ငွေကြေးမှသုံးစွဲမည်ဖြစ်ပြီး အစိုးရထံမှအကူအညီတောင်းခံရန်ဆန္ဒမရှိကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
၎င်းကုရ်အာန်ကျမ်းစာမူ လက်ရေးလှရေးသားခြင်းအား လွန်ခဲ့သောလကစတင်ခဲ့ခြင်းဖြစ်ပြီး ကုရ်အာန်ပထမပါရဟ်အား ၁၃မျက်နှာအတွင်း ရေးသားခဲ့နိုင်သည်။
” ဒီလိုရေးရတာ အတော်ခက်ခဲပါတယ်။ အခုဆို နေ့ စဉ်ရေးနေတဲ့အတွက် ကျွန်တော်ခါးနာနေပါတယ်။ ဒါပေမယ့်အဆုံးထိရေးနိုင်ဖို့  ကျွန်တော်အစွမ်းကုန်ကြိုးစားသွားမှာပါ။ ကျွန်တော်ဒီလိုရေးတာဟာ နာမည်ကြီးဖို့ မဟုတ်ပါဘူး။ အလ္လာဟ်အရှင်မြတ်ကျေနပ်နှစ်သက်ဖို့  သက်သက်ပါပဲ” ဟု အာရဗီလက်ရေးပန်းချီမျိုးစုံရေးသားနိုင်သူ ကာသိဗ်တစ်ဦးဖြစ်သည့် မုဟမ္မဒ်ဟုစိုင်န်က ဆက်လက်ပြောကြားခဲ့သည်။
ကမ္ဘာ့ဂင်းနစ် မှတ်တမ်းတင်သည့် အီရတ်အဖွဲ့ ခွဲသည် မုဟမ္မဒ်ဟုစိုင်န်ထံ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး မုဟမ္မဒ်ဟုစိုင်န်၏ကုရ်အာန်ပန်းချီလက်ရာသည် ပြီးဆုံးသွားခဲ့ပါက ကမ္ဘာ့ဂင်းနစ်စာအုပ်တွင် အရှည်ဆုံးစာမူအဖြစ် မှတ်တမ်းဝင်နိုင်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့သည်။